ဟဲလို
ဘလော့ဂ်ဖတ်လာ မိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ဟူ၍ ဆုတောင်းပြီး သကာလ၊ ကျွန်ုပ် ဆက်လက်ပြီး ဘလော့ဂ်ရပေတော့မည်။ အင်း၊ ဆက်ပေါနေလို့ မဖြစ်ဘူး၊ ခပ်တည်တည်ရေးမှ။
ဒီလို ဒီလို၊ ၁၄ ရက်နေ့ ညဖက်ကြီး မြေပဲကျွန်းကနေ ခြင်္သေ့ကျွန်းပေါ် ပြန်ရောက်တယ်၊ ကံကောင်းစွာနဲ့ နောက်ဆုံးရထား မှီလိုက်တယ်၊ ၁၂ နာရီကျော်တာနဲ့ နဂိုအတိုင်း ပြန်ဖြစ်သွားတဲ့ စင်ဒရဲလား အဲလေ ၁၂ နာရီ ကျော်တာနဲ့ ပိုက်ဆံပိုပေးရတဲ့ တက္ကစီ စီးစရာ မလိုဘူးပေါ့။ ဟိုမှာချမ်းပြီး ဒီမှာပူနေတော့ လူကလည်း ရေခဲသေတ္တာ ထဲက ထုတ်လာတဲ့ ကောက်ညှင်းပေါင်းလို မအီမသာကြီးပေါ့ (ဘာတုန်းဟာ)။ အသေးစိပ်ကို နောက်များမှ ထပ်ရေးမယ်၊ ခုတော့ မနေနိုင်လို့ ထ နှုတ်ဆက်တာ၊ ပလိန်းကြီးကို နှုတ်ဆက်ပစ်တာ။
နေရာသစ်ကို ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဖွင့်မယ်လို့ စိတ်ကူးထားတယ်၊ သဘောကတော့ ၂၀ ရက်နေ့မှ စ၍ ယခု သင်ဖတ်နေသော ဤစာမျက်နှာသည် ရေစီးရေလာ မရှိတော့သော ပင်လယ်သေ ကဲ့သို့ မတုန်မလှုပ်၊ တည်တည်နှင့်ကြည်ကြည် ဆက်လက်တည်ရှိသွားမည် ဆိုတာပါပဲကွယ်။ နေရာသစ်မှာလည်း သစ်သည်သာ ပြောရသည်၊ အမှန်တိုင်း ဝန်ခံရသော် ဘာမျှလည်း မပြင်မဆင်အား၊ ပကတိအတိုင်း မှိုတက်နေသော နေရာတစ်ခုသာ ဖြစ်လေသည် ဆိုရင် မမှားဘူးပေါ့။ ဒီလိုနဲ့ ဒီလို လျှောက်ရေးပြီး နှုတ်ဆက်ခြင်း ပို့စ်ကို အဆုံးသတ်လိုက်မယ်။ နေအုံး၊ ဘရောက်ဇာကို ဒေါကြီးမောကြီး ပိတ်ပစ်ခါနီး ထိုင်ဝမ်တွင်ပြုလုပ်သည် ဆိုတဲ့ ဆီချက်လေး စားသွားပါအုံးလား...

Posted by
TZA
at
1/17/2008 11:21:00 AM
5
comments
Tags:
ပေါက်တပ်ကရ
Subscribe to:
Posts (Atom)